Pi 3B နဲ့ Pi 3B+ အစမ်းအချက်အလက်

Reading Time: 1 minute

Raspberry Pi ဟာ နာမည်ကြီးတန်ဖိုးနည်းကွန်ပျူတာတွေကိုထုတ်လုပ်တဲ့ Element 14 ကနေ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။ (တကယ်သက်သာပါတယ်။ တန်ဖိုးနည်းဆိုပြီး မသိပ်ပါဘူး။) အဲဒီမှာ နောက်ဆုံးထွက် RPI 3B+ နဲ့ သူ့ရှေ့ကထွက်ထားတဲ့ RPI 3B ဘယ်လိုကွာခြားပြီး ဘာတွေကောင်းလာတယ် မကောင်းဘူးဆိုတာလေးကို တင်ဆက်သွားပါမယ်။  RPI မဝယ်ခင် သိထားသင့်တဲ့အကြောင်းအရာတွေကိုတော့ Pi မဝယ်ခင်သိထားသင့်တဲ့အချက်များ မှာ ရှာဖွေဖတ်ရှု့နိုင်ပါတယ်။

Pi 3 B+ အားသာချက်

သူ့ရှေ့က Pi 3 B မှာပါတာတွေထက် ပိုကောင်းလာတာကတော့ CPU က 1.2 GHz ကနေ 1.4 GHz ဖက်ကို ပိုတိုးပြီးတော့ကောင်းလာပါတယ်။ အဲဒါအပြင် heat resistance ပိုင်းလည်းပိုကောင်းလာပြီး Ethernet အပိုင်းကလည်း Fast Ethernet အပိုင်းကိုရောက်လာပါတယ်။ Wifi က 2.4GHz/5GHz Dual Band ဖြစ်လာပါတယ်။ PPoE လည်းပါလာသလို GPU ပါ ပါလာတဲ့အတွက်ကြောင့် ပိုကောင်းလာတယ်လို့အကြမ်းဖျဉ်းပြောလို့ရပါတယ်။

Pi3 B+ အားနည်းချက်

အားနည်းချက်ကတော့ ပါဝါစားသုံးမှုမှာပိုများလာတယ်။ နောက်ပြီး Fast Ethernet က 1Gbps အပြည့်ရတာမျိုးမဟုတ်ပဲ USB2.0 ထိန်းချုပ်မှုအောက်မှာဖြစ်နေတဲ့အတွက်ကြောင့် 480 Mbps လောက်ပဲရနိုင်တာက အားနည်းချက်ဖြစ်သွားပါတယ်။

လက်တွေ့အသုံးပြုမှုအမြင်

လက်တွေ့အသုံးပြုကြည့်တဲ့အချိန်မှာတော့ B ကို B+ ထက်ပိုကြိုက်ပါတယ်။ အရင်တုန်းက Youtube ကြည့်ရင် ထစ်သလို အခုလည်းထစ်တာပါပဲ။ ဘာမှမထူးခြားသွားပါဘူး။ ကျွန်တော်ကိုယ်တိုင်က Desktop လိုသုံးတဲ့အတွက်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ သေချာတာကတော့ ထစ်နေတုန်းပါပဲ။ မထစ်အောင်လုပ်တဲ့ plugin ရှိပါတယ်။ ဒါပေမယ့်စိတ်တိုင်းမကျပါဘူး။

နောက်တစ်ခုက ပါဝါစားသုံးမှုမှာ B က B+ ထက်ပိုနည်းပါတယ်။ အဲဒီအတွက်ကြောင့် OSMC လိုဟာမျိုးသုံးမယ်ဆိုရင် B ကပိုကောင်းပါတယ်။ B မှာ HDD ထိုးလိုက်ရင် 2.5A Adapter က ဘာမှမဖြစ်ပေမယ့် B+ မှာဆိုရင် power မလောက်ဘူးဆိုတဲ့ပြဿနာတက်ပါတယ်။ အဲဒါအပြင်အချိန်နည်းနည်းကြာသွားရင် Heat တက်နိုင်ချေပိုများပါတယ်။ ပိုပူတယ်လို့ခံစားရပါတယ်။

အလုပ်လုပ်နိုင်စွမ်းပိုကောင်းပါတယ်လို့ပြောပေမယ့် arm v8 ဆိုတာဟာ အရမ်းအကောင်းကြီးမဟုတ်သေးဘူးဆိုတာတော့သတိရပါ။ Youtube ကို မထစ်အောင်မောင်းနိုင်ရင် အကောင်းဆုံးပါပဲ။

Server ပိုင်းသုံးမယ်ဆိုရင်တော့ အားပေးပါတယ်။ အလုပ်လုပ်ရတာလည်းမြန်သလို USB တွေလည်း ထိုးစရာသိပ်မလိုဘူးလေ။ ဖိုင်ပို့ချင်လည်း Gigalan နဲ့သုံးမှာဆိုတော့ အဆင်ပြေတယ်လို့မြင်ပါတယ်။​ IOT သမားတွေအတွက် B+ ကပိုကောင်းပါလိမ့်မယ်။

အကောင်းဆုံးကိုပြောပါဆိုရင်တော့ Router လုပ်ချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးလို့တောင်ပြောနိုင်ပါတယ်။ 2.4/5GHz ပါတာရယ် Fast Ethernet ဆိုတာဟာ နည်းတာမှမဟုတ်တာ။ အဲဒီအတွက်သုံးမယ်ဆိုရင်တော့ ကိုယ်စမ်းချင်တဲ့အရာကို လွယ်လင့်တစ်ကူ စမ်းသပ်နိုင်ပါတယ်လေ။

ကျန်တာကတော့ သိပ်မထူးခြားပါဘူး။ Pi ဟာ Pi ပါပဲ။